မနေ့တုန်းက ကိစ္စလေးတွေရှိလို့ စောစော အိပ်ယာထတယ်။ ခါတိုင်းနေမြင့်ရုံတင်မကဘူး မြင့်နေတဲ့နေပါ ပြန်ကျတဲ့အထိ အိပ်ရေးပုပ်လေ့ရှိရာကနေ ရှာရှာပါးပါး စောစောထတဲ့ ရုံးပိတ်ရက်လေးဆိုတော့ မထူးဘူး ကိုယ်စောင့်နတ်လဲ ပျော်ကောင်းပျော်နေမဲ့အတူတူ ကုသိုလ်လေးပါ အပိုရအောင် ဘုရာပန်းလဲဦးမှပါဆိုပြီး ဈေးသွားတယ် ။ ဟိုရောက်တော့ ဝယ်နေကျပန်းသည်စီမှာ ကိုယ်ဝယ်လေ့ရှိတဲ့ ခေါင်(ဂေါင်)မချိုးပဲ တပွင့်တည်းပွင့်စေတဲ့ ချက်စိမ်းက မတင်ထားဘူးဖြစ်နေတယ် ။ ဒီရက်ပိုင်း ရန်ကုန်က အဝယ်မလိုက်လို့ ပန်းဈေးကျတယ်လို့ မေမြို့ကနေကြားထားတာလေးရှိတော့ သူရောင်းမကောင်းလို့နေမှာဆိုပြီး ဈေးရဲ့ ဟိုဘက်တဖက်ခြမ်းက ပန်းသည်စီကို မိုးရွာထားလို့် စိုစိစိနဲ့ ဗွက်နည်းနည်း ဖြစ်နေတဲ့ ကတ္တရာလမ်း အပါက်အပြဲတွေအတိုင်း ဆက်လျောက်သွားလိုက်တယ် ။ ပန်းသည်စီရောက်တော့ ကိုယ်လိုချင်တဲ့ပန်းတင်ထားတော့ ဟုတ်ပြီးဆိုပြီး ဈေးမေးလိုက်တယ်။၁၀ ပွင့်ကို ၂၅၀၀/ ! ဒါဟာပုံမှန်ဈေးထက် တပွင့်ကို ၅၀/ ပိုတင်ထားတဲ့ဈေးပါ။ လိုအပ်နေတော့လဲ ပေးဝယ်ခဲ့ပါရပြန်တာပါပဲ။ အသည်ကတော့ ပြောလိုက်ပါတယ် - ”မောင်လေး ကောင်းကောင်းလေးတွေရွေးပေးလိုက်တယ်နော်တဲ့”
ပန်းကိုပြောတာလား? ဈေးတင်ပြီး ”ဂျင်း” တာလားဆိုတာ မသဲကွဲပေမဲ့ ”ဟုတ်ကဲ့” လို့ပြောပြီး ပြန်လာခဲ့တယ်။ အိမ်ရောက်တော့ ပန်းကိုရေဆေးတဲ့အချိန် အပွင့်ကို စစ်ကြည့်လိုက်တော့ ၃-၄ပွင့်လောက်ရဲ့ ပွင့်ဖတ်အစွန်းလေးတွေမှာ နာထားတဲ့ အညိုစင်းလေးတွေတွေ့တယ်။ အရိုးလေးတွေကတော့ ရေထဲအကြာကြီးထည့်ထားရလို့ အကျိအချွဲစွဲနေတာမျိုး မတွေ့ရဘူး။ ပန်းကပ်ပြီးနောက်ပိုင်း ကိုယ်လုပ်စရာရှိတာလေးတွေ သွက်သွက်လုပ်ပြီး လှည်းတန်းထွက်လာလိုက်တယ်။ ၁၀း၃၀ မှာ အထက်တန်းတုန်းက တက်ခဲ့တဲ့ ကျောင်းကကျောင်းအုပ်(ငြိမ်း)ရဲ့ နာရေးအတွက် အလှူခံလို့ရထားတဲ့ အလှူငွေတွေ သွားအပ်ဖို့ ချိန်းထားကြတာ ရှိသေးတာကိုး။ #YBS ၃၀ စီးပြီး ထွက်လာခဲ့တာ လှည်းတန်းရောက်မှ သွက်သွက်ထွက်လာခဲ့တဲ့ အကျိုးကျေးဇူးက ဘွားကနဲ ကိုယ်ထင်ပြတော့တယ်။ အိမ်ပြန်မယူလို့ မဖြစ်တဲ့ပစ္စည်းကျန်ခဲ့တယ် ! ။ အိမ်ကို ကားပြန်စီး လှည်းတန်းပြန်လာဆိုရင် ၁၀း၃၀ ချိန်းထားတာက ဘယ်လိုမှ မှီဖို့ကြောင်းမရှိတော့ ဖုန်းဆက်ပြီး အကျိုးအကြောင်းပြောပြီး ဖျက်လိုက်တယ်။ လှည်းတန်းကိစ္စ ပြီးတော့ #YBS ၆၁ စီးပြီး ဆူးလေဆက်သွားတယ်။ အမောင်းကြမ်းတာကတော့ ကိုယ်တွေမြို့နယ်လိုပင် ထူးမခြားနား။ အောင်ဆန်းကွင်းမှာ မေမြို့(ပြင်ဦးလွင်)ကို ပါဆယ်ပို့ပြီးတော့ စာအုပ်ဆိုင်ဘက်သွား ယောက်ခြောက်ဆယ်လုပ်။ စာအုပ် ၃ အုပ်ဝယ်ပြီးတော့ ၃၆လမ်းမှာ ထမင်းပေါင်းစားပြီးတော့ ရွှေတိဂုံဘုရားပေါ်တက်။ လူရှင်းတဲ့ဘက်မှာ ရှိနေတတ်တဲ့ မွေးကာစ ကလေးနဲ့ ပျော်နေတဲ့ မိသားစုတွေငေးရင်း ဝယ်လာတဲ့ စာအုပ်လေးကို တိတ်တိတ်ဆိတ်ဆိတ်နဲ့ လေအေးအေးလေး တိုက်နေတာကို အငြမ်းမရ အရသာခံလို့ ဖတ်နေရင်း မိုးရွာချလာတော့ စောင်းတန်းထဲနေရာပြောင်းထိုင် လိုက်တယ်။ အထဲမှာ ဝမ်းလျားမှောက်တက်စ ကလေးနဲ့ မိသားစုရှိနေနှင့်ပြီးသား။ ကိုယ်လဲ အလင်းရောင်ရပြီး ခြေလက်ဆန့်ဖို့ အဆင်ပြေနိုင်မဲ့နေရာရှာထိုက်ရင် ကလေးကို ကြည့်လိုက်တော့ ကိုယ့်ကို ခဏစိုက်ကြည့်ပြီး ပြန်ပြုံးပြတယ်။ ဒါကိုသူ့အမေမြင်သွားတော့ အမေကပါ ပြုံးရင် သူ့ကလေးကို စကားတွေပြောနေရင် ချော့မြူနေတာကို မြင်ရတာ စိတ်အတော် ချမ်းသာတယ်။ ကိုယ်လည်းစာဆက်ဖတ်နေရင်း ကြာတော့ မိုးရွာထားတာကြောင့် လေက ပိုပိုပြီးအေးလာတယ်။ ကိုယ့်မှာ စွတ်ကျယ်လေးတထည်ကို အပေါ်က လည်ကတုံးလေးနဲ့ ထပ်ဝတ်ထားတာဆိုတော့ ကြာတော့ ကြက်သီးတွေပါ ထလာပြီး အေးလာရော်။ မနက်ဖြန်က တနင်္လာနေ့ဖြစ်နေတာကြောင့် ဖျားလို့မဖြစ်ဘူးဆိုပြီး ပြန်ဖို့သင့်ပြီးဆိုပြီး ထထွက်လာတော့ မိုးက တိတ်သွားပြီး။ မိုးရွာပြီးစ ဘုရားပေါ်မှာ တခါမှ မရှိဘူးတာကြောင့် မပြန်သေးပဲ ရင်ပြင်တော်ပေါ် လမ်းလျောက်ဦးမယ်လို့ ဆုံးဖြတ်လိုက်တယ်။ အောင်မြေဘက်နားမှာ ရေနည်းနည်းပို အိုင်နေတာကို သတိထားမိတယ်။ တနင်္လာနေ့နံ နားရောက်တော့ ထူးထူးခြားခြား မိုးရွားပြီးစ ရင်ပြင်တော်ပေါ်မှာ ကော်ဖီအနံရတယ်။ ရင်ပြင်တော်ပေါ်မှာ လာလှူထားတဲ့အထဲမှာ ရေအေးအပြင် ရေအပူပါ ရတယ်ဆိုတာကို သတိရသွားတော့ အရင်တုန်းက ဘုရားပေါ်မှာ မောလာရင်ကော်ဖီဖျော်သောက်ဖို့ တွေးဖူးတာကို ပြန်အမှတ်ရသွားပြီး ကိုယ့်အကြံကို လက်တွေအကောက်အထည်ဖော်ပြီးတဲ့သူများ ရှိနေပြီးလားလို့ တွေးရင် ဆက်လျှောက်လာတော့ အဂါင်္နေံနံ ထောင့်မှာ သူငယ်ချင်းတယောက်နဲ့တွေ့တယ်။ နှုတ်ဆက်စကားပြောပြီး လမ်းဆက်လျှောက်ကြရင်း ရင်ပြင်တော်ကို ၂ ပတ်ပတ်ပြီးချိန်မှာ ပြန်ဆင်းလာကြတယ်။ ဖိနပ်ကို အခမဲ့ အပ်နှံနိုင်တယ်လို့ ရေးထားပေမဲ့ အလှူငွေထည့်ဖို့ အလှူခံပုံးချထားပေးပြီး အလှူငွေထည့်ပါလို့ ပြောပြောနေတာကြောင့် ထည့်လိုက်တယ် ။ ဖိနပ်အပ်ခလို့ပဲ ပြောပြော၊ အလှူငွေလို့ပဲ သုံးသုံး တခြားမှ ငွေမထည့်ပဲ မပြန်ဖူးပေမဲ့ တခါတလေတော့ အခမဲ့ ဖိနပ်အပ်ဖူးချင်တဲ့ စိတ်ဖြစ်မိတာတော့ အမှန်ပါ။ အိမ်ပြန်ရောက်တော့ ည ၈း၄၀ ကျော်နေပြီ။ တနေကုန်ပင်ပန်းခဲ့တာကြောင့် ခဏနား၊ ထမင်းစားပြီး အိပ်ယာဝင်တယ်။ မနက် ၆ နာရီလောက်နိုးပေမဲ့ လူက မထနိုင်တော့ဘူး။ ရုံးမသွားတော့ဘူးဆိုပြီး ဝအောင်ဆက်အိပ်ပြီးမှ အိပ်ယာကထလိုက်တယ်။ မျက်နှာသစ်၊ ရေနွေးတည်ပြီး ကွေကာအုပ် နှစ်ထုပ်ဖောက်တော့ ပူစီက ဘေးနားလာပြီး သူစားနိုင်မယ်အထင်နဲ့အစာလာတောင်းနေတယ်။ တကယ်ဆို မနက်ကတည်းက သူ့ကို အခြားတယောက်က ကျွေးပြီးသား။ ဒါကို ခဏခဏလာအော်နေပြီး သူ့ကိုယ်ကြီးနဲ့ ပွတ်ပွတ်ပြီး အမြှီးတထောင်ထောင်နဲ့ လာတောင်းနေတော့ သူကျေနပ်အောင်လို့ ကိုယ်ဖောက်လက်စ ကွေကာအုပ်ကို ပြီးအောင်ထည့်ပြီး ရော့ နင်စားလို့မရလို့ မကျွေးတာလို့ပြောပြီး အခွံကို ပေးနမ်းလိုက်တော့မှ လျှာကို တချက်နှစ်ချက်သပ်ပြီးတော့ ဆက်မအော်တော့ပဲ ထွက်သွားတယ်။ တခါတလေမှာ သူမလုပ်နိုင်မယ်မှန်း ကိုယ်ကကြိုသိနေပေမဲ့ သူ့အနေနဲ့တော့ စားနိုင်မယ်ထင်ပြီး မျှော်လင့်နေတာမျိုးကို သူကိုယ်တိုင်လက်တွေ့သိနိုင်ဖို့ကို အခြေအနေ ဖန်တီးပေးလိုက်တာ ပိုကောင်းတယ်ဆိုတာကို သိလိုက်ရတယ်။

Comments
Post a Comment