Skip to main content

”လက်ရှိပညာရေးစနစ်ကိုမညှာမတာပြောရရင် အရေအတွက်ကိုပဲဦးစားပေးတဲ့စနစ်ဖြစ်နေတယ်”



စနစ်တစ်ခုမှ တစ်ခုသို့ ကူးပြောင်းရန်တာစူနေချိန်တွင် လူသားတစ်ဦးချင်းအတွက် လိုအပ်နေသည့် လူသား အရင်းအမြစ် စွမ်းဆောင်ရည် ( Human Capacity ) ကို မည်ကဲ့သို့ မြှင့်တင်သင့်သည်ကို  ပေါမောက
္ခဒေါက်တာအောင်ထွန်းသက်အား 7Day Newsက တွေ့ဆုံမေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြ
လိုက်ပါသည်။

မေး   တိုင်းပြည်တစ်ခုအပြောင်းအလဲလုပ်ဖို့ အားယူနေချိန်မှာ ပညာရှင်တွေက လူ့စွမ်းရည် 
( Human Capacity ) မြှင့်တင်ဖို့ပြောတယ်။ လူ့စွမ်းရည်က တိုင်းပြည်ဖွံ့ဖြိုးမှုအတွက်  ဘယ်လောက်ထိ အရေးပါပါသလဲ။

ဖြေ   အခုပြောင်းနေတဲ့ နိုင်ငံတော်အစိုးရ ချမှတ်ထားတဲ့ ကျေးလက်ဒေသဖွံ့ဖြိုးမှုတို့၊ ဆင်းရဲနွမ်းပါး မှုလျှော့ချရေးတို့ကို လုပ်နေတာ စီးပွားရေးဦးစားပေးမှုလိုပဲ သုံးသပ်ရတယ်။ ဒါကလက်ခံပါတယ်။
ဒါပေမဲ့ အကူးအပြောင်းအခြေအနေနဲ့ပြောရရင် စီးပွားရေးဖွံ့ဖြိုးမှုကို ဦးစားပေးလုပ်လို့မရဘူး။ စီးပွားရေး ဖွံ့ဖြိုးမှုဟာ တိုင်းပြည်ဖွံ့ဖြိုးမှုနဲ့ ချိတ်ဆက်မရဘူးဆိုရင်လည်း လူသားဖွံ့ဖြိုးမှုနဲ့ပဲစရမယ်။ ဒါကြောင့် လူ့အရည်အချင်းမြှင့်တင်မှုဆိုတာ အရမ်းကို အရေးပါတယ်။ ၁၉၉၀ ကနေစပြီး နှစ်(၂၀)ကျော် ယူအင်န်က လက်ခံလာတာ တိုင်းပြည်တစ်ခုရဲ့ ဖွံ့ဖြိုးမှုကို စီးပွားရေးဖွံ့ဖြိုးမှုတင် မဟုတ်တော့ဘူး။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ဒါတွေ ဘက်စုံဖွံ့ဖြိုးဖို့ လိုအပ်လာတယ်။ လူ့အရည်အချင်းဖွံ့ဖြိုးမှုပေတံကို ဦးစားပေးလာတယ်။ ယခင်က ချမ်းသာမှုကို ငွေကြေးပိုင်ဆိုင်မှုနဲ့ တိုင်းတယ်။ အခုနောက်ပိုင်းမှာဆို ရင် ရွေးချယ်မှုနဲ့ပါတိုင်းလာတယ်။ လက်ရှိပြည်တွင်းအခြေအနေမှာတော့ လူ့စွမ်းရည်ကွာဟချက် ( Human Capacity Gap ) ဖြစ်နေတယ်။ခပ်ကျယ်ကျယ်ပြောရရင် ဖွံ့ဖြိုးဆဲ တိုင်းပြည်တိုင်းမှာ လူသားစွမ်း ရည်ကွာ ဟချက် ရှိနေတယ်။ လူ့စွမ်းရည်က တိုင်းပြည်ရဲ့ ကဏ္ဍတိုင်းမှာ မရှိမဖြစ်ကို အရေးပါနေတယ်။


မေး   လူ့စွမ်းရည်ကွာဟချက်ဖြစ်လာတော့ ဒါကိုလျော့နည်းအောင် ဘယ်လိုလုပ်ဆောင် သင့်တယ် လို့ ထင်ပါသလဲ။

ဖြေ   လျော့နည်းအောင်၊ ပပျောက်အောင်လုပ်ဖို့ဆိုရင်တော့ လူ့စွမ်းရည်ကွာဟချက်တွေ ရှိလာတာကို အသိအမှတ်ပြု ၀န်ခံရပါမယ်။ အရေးကြီးဆုံးကတော့ လူ့စွမ်းရည်လိုအပ်ချက်မရှိဘူး။ အရည်အချင်း ရှိတဲ့လူတွေအပြည့်ရှိတယ်ဆိုပြီး မျက်စိမှိတ်ပြောနေလို့မရဘူး။ လူ့စွမ်းရည်လိုအပ်ချက်က နိုင်ငံတော်က ဦးဆောင်လုပ်တဲ့ မူဝါဒအသစ်တွေ၊ စီမံကိန်းအသစ်တွေမှာ အဟန့်အတား၊ အခက်အခဲဖြစ်စေတယ်။ ဒါတွေကိုလုပ်တဲ့အခါ အစီအမံဘယ်လောက်ကောင်းကောင်း လူတွေကလုပ်ရမှာဖြစ်တဲ့ အတွက် လူ့စွမ်းဆောင်ရည်ကောင်းဖို့က အရမ်းလိုတယ်။ ဒါတွေကိုလုပ်ဖို့ ကာလတို၊ ကာလလတ်၊ ကာလရှည် အစီအစဉ်ခွဲလိုဖို့ လိုတယ်။ ဒီထဲမှာ ကာလရှည်ရဲ့ အခြေခံပြောင်းလဲမှုက ပညာရေးစနစ်ပဲ။ လက်ရှိပညာရေး စနစ်ကိုမညှာမတာပြောရရင် အရေအတွက်ကိုပဲ ဦးစားပေးရင်တော့ အရည်အချင်းက ကျမှာပဲ။ အရည် အချင်းကို ပြန်မြှင့်ဖို့လိုတယ်။ ( Self-study ) ကိုယ်တိုင်လေ့လာသင်ယူမှုက အခုအချိန်မှာ အရမ်းကို အားနည်းနေတယ်။ ကျောင်းတွေမှာလည်း သင်းကြားရေးစနစ်မှာလည်း ( Thinking ) တွေးခေါ်မှုကို အရင်မြှင့်ဖို့ လိုတယ်။ အာဂုံဆောင် အလွတ်ကျက်စနစ်ကို ပြင်ဆင်ရမယ်။


မေး   လူငယ်တွေအနေနဲ့ လက်ရှိအချိန်မှာ လူ့စွမ်းရည်ကိုမြှင့်ဖို့ ဆရာ့အနေနဲ့ ဘယ်လိုများ အကြံပေးချင်ပါသလဲ။

ဖြေ   ဒီနေ့ လူငယ်တွေကိုတော့ အထင်သေးလို့မရဘူး။ လူငယ်တွေကို အားပေးဖို့ ရှေ့တန်းတင်ဖို့ လိုလာပြီ။ ဒီနေ့ အင်တာနက်နဲ့ လက်လှမ်းမီတဲ့လူငယ်တွေက ဖန်တီးမှုတွေပြုလုပ်နိုင်လာတယ်။ ပြီးတော့ လူငယ်တွေ က သင်တန်းတွေ အမျိုးမျိုးလည်း တက်နေကြတယ်။ ဒါပေမဲ့ တစ်ခုပဲစိုးရိမ်ရတယ်။ သင်တန်းတွေက အရည် အသွေးကောင်းဖို့ပဲ၊ ရိုက်စားသင်တန်းတွေ မဖြစ်ဖို့လိုတယ်။ ဒီလိုမဟုတ်ရင် မိဘတွေက သင်ပေးပြီး အကျိုး မရှိတာဖြစ်မှာ စိုးရိမ်ရတယ်။ ၀မ်းနည်းစရာကောင်းတာက ဒီခေတ်ကလေးတွေက (၁၀)တန်းအောင်တာ နဲ့ နိုင်ငံခြားမှာ ကျောင်းတက်ဖို့ ကြိုးစားနေကြတယ်။ မှားတာ၊ မှန်တာ ခဏထားပါ။ ဒါဘာပြနေလဲဆိုတော့ ကိုယ့်နိုင်ငံရဲ့ ပညာရေးစနစ်ကို မီးမောင်းထိုးပြတာပဲ။ သူတို့ တတ်နိုင်လို့သွားတာပဲလို့ မစဉ်းစားသင့်ဘူး။ ကိုယ့်နိုင်ငံမှာ ပညာရေးကောင်းမွန်တဲ့စနစ်ရှိရင် ဘယ်လောက်ချမ်းသာတဲ့မိဘပဲ ဖြစ်ဖြစ် ကိုယ့်သားသမီး ကို နိုင်ငံခြားမှာ ပညာသင်ဖို့မလွှတ်ချင်ဘူး။ ဘွဲ့ကြိုမှာတော့ ကလေးကအရမ်းငယ်တော့ ဟိုမှာ ပညာလိုက်ဖို့ ခက်ခဲသလိုလူမှုရေးတွေမှာလည်းအခက်အခဲတွေရှိနိုင်တယ်။နည်းမှန်လမ်းမှန်လိုက်ဖို့ဆိုတာ အခက်အခဲတွေ ရှိတယ်။


မေး   သင်းတန်းကျောင်းတွေမှာတက်ပြီး လုပ်ငန်းခွင်ကိုဝင်တဲ့အခါမှာလည်း သင်တန်းတွေပြန် တက်ရတယ်။ ဒီလိုမျိုးဖြစ်နေ တာဘာကြောင့်လို့ဆရာ သုံးသပ်မိပါသလဲ။

ဖြေ   အခြေခံကတော့ အရည်အချင်းပဲ။ သင်တန်းကျောင်းတွေရဲ့ လိုအပ်ချက်တွေရှိသလို သင်ယူသူတွေရဲ့ လိုအပ်ချက်တွေလည်း ရှိတယ်။ ဆရာတို့အဖေတွေလက်ထက်ကဆို ဘီအေရပြီးတာနဲ့ မြို့အုပ် တန်းဖြစ်တယ်။ အခုကျတော့ ဘွဲ့ရပြီးပြီးချင်း သင်တန်းပြီးပြီးချင်း လုပ်ငန်းခွင်ထဲ တန်းဝင်လို့မရဘူ။ လုပ်ငန်းရှင်တွေကလည်း ဆရာတို့နဲ့တွေ့ရင် အမြဲပြောတယ်။ ဘွဲ့ရပြီး လုပ်ငန်းခွင်ထဲဝင်ရင် OJT လို့ခေါ်တဲ့ လုပ်ငန်းခွင်သင်တန်းပြန်ပေးနေရတယ်။ လုပ်ငန်းရှင်တွေကလည်း ခူးပြီးခပ်ပြီး အဆင်သင့်စားချင်တာပေါ့။ အခုကျတော့လုပ်ငန်းခွင်ထဲရောက်မှ ပြန်သင်နေရတော့ နစ်နာတယ်။စရိတ်ကုန်တယ်။ ဒါကြောင့် ပညာရေး စနစ်ကို နိုင်ငံတော်တစ်ခုတည်းသာမက လုပ်ငန်းရှင်တွေပါ ပူးပေါင်းပြီး ဆောင်ရွက်ဖို့လိုတယ်။


မေး   ဒီနေ့ငွေကြေးတက်နိုင်သူတွေက ပြည်ပကို ပညာသင်သွားကြတယ်။ ဟိုမှာ ပညာသင်ရင်း သက်ဆိုင်ရာလုပ်ငန်းခွင်ကို ၀င်ကြတယ်။ ဒီလူတွေ ပညာတွေနဲ့အတူ ပြည်တွင်းကို ပြန်လာဖို့ ဘာတွေပြင်ဆင်ပေးဖို့လိုတယ်လို့ ဆရာထင်ပါသလဲ။

ဖြေ   ဒီဟာက အရမ်းကိုအရေကြီးပါတယ်။ တတ်နိုင်လို့ အပြင်သွား။ ဘွဲ့တွေရ။ လုပ်ငန်းခွင်ဝင်။ ဒီလူတွေပြန်လာဖို့ ပြန်လာပါလို့ပြောရုံနဲ့ မရဘူး။ ပြန်လာနိုင်အောင် မက်လုံးပေးရမယ်။ လူတွေထင်တာက လခ၊ ငွေမက်လုံးလောက်ထင်တာ။ ဒါကအဆင့်တစ်ခုအနေနဲ့ပဲ ရှိတယ်။ တကယ့်ပညာတတ်လာသူရဲ့ လိုအပ်ချက်က ပညာကိုဘယ်လိုအသုံးချနိုင်ဖို့ပဲ။ ပြီးတော့ လွတ်လပ်စွာ ပြောဆို၊ ရေးသား၊ သုတေသန လုပ်ခွင့်ရဖို့လိုတယ်။ နိုင်ငံရဲ့အခြေခံလိုအပ်ချက်ဖြစ်တဲ့ လျှပ်စစ်မီး၊ အင်တာနက်မရတာက တစ်ပိုင်းပါ။ သူတို့ပါလာတဲ့ ပညာရပ်တွေကို အသုံးမချနိုင်ဘူးဆိုရင် ဘယ်လောက်ပဲလခကောာင်းကောင်းပေးပေး 
ပြန်လာမှာ မဟုတ်ဘူး။ ပြီးတော့ ဒီမှာလက်ရှိအခြေအနေအရဆိုရင် လုပ်ပုံကိုင်ပုံတွေ အရမ်းနှေးတယ်။ ၁၀မိနစ်၊ ၁၅မိနစ်နဲ့လုပ်လို့ရတာ၊ စာတစ်ကြောင်း၊ လက်မှတ်တစ်ခုထိုးဖို့ကို နှစ်ရက်၊ သုံးရက်ကြာ 

တာတွေကိုပြန်လာတဲ့လူတွေနဲ့ မဖြစ်နိုင်ဘူး။ဟိုမှာကဘယ်လုပ်ငန်းမဆို အရမ်းမြန်ပြီး Speed ချင်းပြိုင် လုပ်နေတာ။


မေး   ဒီနေ့ ကဏ္ဍတော်တော်များများမှာ ကျွမ်းကျင်ဝန်ထမ်းလိုအပ်ချက်တွေရှိနေတာတွေ့ရတယ်။ ဒီလိုဖြစ်လာတာ ဘာကြောင့်လို့ ဆရာထင်ပါသလဲ။

ဖြေ   ကျွမ်းကျင်ဝန်ထမ်းလစ်လပ်တာက လူ့စွမ်းရည်လိုအပ်ချက်ကြောင့်ပါ။ လူသားအရင်းအမြစ် အနေနဲ့တော့ လူမှန်နေရာမှန် ရှိဖို့လိုတယ်။ အခုဆိုရင် တတ်နိုင်တဲ့လုပ်ငန်းရှင်တွေက အားမရတော့ လုပ်ငန်းခွင်မှာ နိုင်ငံခြားသားတွေ ခေါ်ပြီးလုပ်လာတယ်။ တကယ်ခေါ်သင့်တာက ကမ္ဘာတက္ကသိုလ်က ပညာရှင်တွေ၊ ပါမောက္ခတွေ ဒါတွေခေါ်ဖို့ကျတော့လည်း တက္ကသိုလ်တွေ၊ ကျောင်းတွေက မတတ်နိုင်ဘူး။ အခုလုပ်ငန်းရှင်တွေခေါ်လုပ်နေတာ ဟားဗတ်လို ကိန်းဘရစ်ချပ်လို တက္ကသိုလ်က မဟုတ်ဘူး။ ကိုယ်လိုသူလို အိမ်နီးချင်း မလေးရှားတို့၊ ထိုင်းတို့ကပါ။ သူတို့နဲ့ကိုယ်ကွာတာက အတွေ့အကြုံတစ်ခုပဲ။ ကျန်တာတွေက ဘာမှမထူးဘူး။ ဒီလိုလုပ်တာ လုပ်ငန်းရှင်တွေကိုအပြစ်တင်လို့မရဘူး။ စက်ရုံ၊ အလုပ်ရုံတွေမှာ နိုင်ငံသားအုပ်ချုပ်သူတွေကို ခိုင်းရင်အားမရဘူး။ ဒါကဘာကိုပြနေသလဲဆိုရင် အရည်အချင်းလိုအပ်ချက်ကို မီးမောင်းထိုးပြတာပါ။


မေး   အပြောင်းအလဲကာလမှာ ပြည်တွင်းပညာရှင်သာမက ပြည်ပကပညာရှင်တွေပါ ပူးပေါင်းဆောင်ရွက်ဖို့လိုမယ်လို့ ဆရာထင်ပါသလား။

ဖြေ   လူအားလုံးစဉ်းစားတာတွေတူနေရင် ဘာမှမစဉ်းစားသလိုဖြစ်နေမှာပါ။ အမြင်မတူ တဲ့ တဲ့ပြည်တွင်း၊ ပြည်ပက လူတွေစုထားဖို့ လိုတယ်။ ဒါပေမဲ့ ပြည်ပက ပညာရှင်က မြန်မာနိုင်ငံအကြောင်းကို ဘယ်လောက်ထိ သိထားသလဲဆိုတာကိုလည်း စဉ်းစားဖို့လိုတယ်။သူတို့ကိုအစ ကနေ ပြန်ရှင်းပြနေရရင်
မလွယ်ဘူး။ သူတို့ရဲ့အားသာချက်က တော့ခေတ်မီဆန်းသစ်တဲ့အတွေးအခေါ်တွေကို လက်လှမ်းမီတယ်။ သူတို့မှာရှိတဲ့သီအိုရီနဲ့ ကိုယ့်နိုင်ငံရဲ့ အခြေအနေ ဘယ်လိုပူးပေါင်းရမလဲဆိုတာကို စဉ်းစားရမယ်။ ကိုယ့်နိုင်ငံ
ပညာရှင်တွေလည်း ပြည်ပကိုသွားပြီး လေ့လာမှုတွေ လုပ်ဖို့ လိုတယ်။


မေး   လက်ရှိအခြေအနေမှာ ဘာကိုဦးစားပေးလုပ်သင့်တယ်လို့ပါသလဲ။

ဖြေ   လုပ်စရာတွေကတော့အားလုံးပဲ။ အထူးသဖြင့် ပညာရေးနဲ့ပတ်သက်ပြီး အချက်သုံးချက်ပဲ ဦးစားပေးပြောရမယ်။ ပထမဆုံး သင်ကြားမှုစနစ်ပဲ။ တက္ကသိုလ်ကဆရာ၊ ဆရာမတွေ စာသင်ရုံနဲ့ မရဘူး။
သုတေသနပါတွဲလုပ်ရမယ်။ အခုအခြေအနေက (၉၉)ရာနှုန်းက စာသင်ရုံပဲ သင်နေကြတယ်။ ဒုတိယက သုတေသနလုပ်တာ။ ဒါမလုပ်ချင်ရင် တက္ကသိုလ်မှာ ဆရာမလုပ်သင့်ဘူး။ တက္ကသိုလ်တိုင်း သက်ဆိုင်ရာ ဘာသာရပ်တိုင်းမှာ သုတေသနလုပ်ဖို့ လိုကိုလိုပါတယ်။ တတိယအနေနဲ့ပြောရရင် ထုတ်ဝေရေးပဲ။ ပညာရပ်ဆိုင်ရာ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေထုတ်ဖို့လိုတယ်။ လက်ရှိမှာ တက္ကသိုလ်က ဒါမျိုးတွေလုပ်တာ အရမ်းနည်းတယ်။ နောက်ပြီး ပညာရေးစနစ်ကိုလည်း ပြောင်းရမယ်။ (၁၀)တန်းအောင်ပြီး အမှတ်ကောင်း ရင်ဆေးကျောင်းတက်ဆိုတဲ့အလေ့အထကနေ ကိုယ်ဝါသနာပါတာကို သင်ကြားသင့်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဆရာဝန်ပန်းချီဆရာတွေ၊ ဆရာဝန်စာရေးဆရာတွေ၊ ဆရာဝန်စီးပွားရေးသမားတွေ အများကြီး ရှိလာလို့ပါ။


မေး   အခုလို အပြောင်းအလဲကာလမှာ မြန်မာလူ့အဖွံ့အစည်းတစ်ခုလုံးကို ဆရာ့အနေနဲ့ ဘယ်လိုအကြံပြုချင်ပါသလဲ။

ဖြေ   အပြောင်းအလဲကိုတော့ကြိုဆိုရမယ်။ ကိုယ်တိုင်လည်း Change Management ကိုရေးနေသူဖြစ်သလို
ပြောနေသူဖြစ်တဲ့အတွက် ဒီအပြောင်းလဲက နိုင်ငံအခွင့်အရေးတစ်ရပ်ရနိုင်တယ်။ ဒါကို Positive အနေ နဲ့မြင်ဖို့လိုတယ်။ ဆရာ့အနေနဲ့ပြောရရင် လူတစ်ယောက်ချင်းရဲ့ အတွေးအခေါ်ကိုလည်း စပြောင်းစေ
ချင်တယ်။အရင်လုပ်နေသလို အခုလည်းဆက်လုပ်မယ်ဆိုတဲ့ အတွေးအခေါ်ကိုလည်း ပြောင်းလဲသင့်တယ်။ ပြီးတော့ တစ်ဦးနဲ့တစ်ဦးယုံကြည်မှုတွေ တည်ဆောက်ဖို့လည်းလိုတယ်။ ယှဉ်ပြိုင်လာရင်ကိုယ့်နည်းကိုယ့်ဟန်
နဲ့ ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားရမယ်။ တစ်ဦးတည်း၊တစ်ဖွဲ့တည်းပြောင်းလို့မရဘူး။ စီပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေးအားလုံးဟန်ချက်ညီညီပြောင်းနိုင်ဖို့ လိုတယ်။ တိုးတက်အောင်လုပ်မယ်ဆိုရင်အရည် အချင်းမရှိသူ လူ(၁,၀၀၀) မလိုဘူး။ အရည်းအချင်းရှိသူ တစ်ယောက်ကတော့ အရမ်းကိုအရေးကြီးတယ်။

7 DAY NEWS JOURNAL , VOL.10, NO.33- November 3, 2011 စာမျက်နှာနံပါတ်-25 မှ ကူးယူဖော်ပြပါတယ်။

Comments

Popular posts from this blog

မနက်ခင်း YBS

မနက် ၄ နာရီခွဲကျော်ရုံလောက်က အောင်မင်္ဂလာအဝေးပြေးကွင်းထဲကို ရောက်တယ်။ ဆူဆူညံညံအသံတွေထဲ တိတ်တဆိတ်လေး ထွက်လာရင်း Arrival ရဲ့ ထိုက်ခုံတစ်ချို့မှာ အိပ်နေတဲ့ မြင်ကွင်...

အော် ... skynet skynet

မိုးလေးမှ နည်းနည်းလေးရွာသေးတယ် 'လေ' တောင်မပါသေးဘူး skynet က nosignal တဲ့ အော် skynet .... skynet ဂျာနယ်တွေမှာ အော်နေကြတာ ခုမှပဲ ကိုယ်ချင်းစာတော့တယ်

အော်...

ကားတွေပိတ်လွန်းလှသည် ။ အလုပ်ရောက်ရင် လူကမောနေပြီ ။ ဘာမှ မလုပ်ချင်တော့ဘူး ။ :(